ခောတ်ပေါ်ဈေးကွက်ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို သက်ရောက်မှုဖြစ်စေတဲ့အချက်တွေကို ရေးသားတင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ကို Marketing Environment ဈေးကွက်နယ်ပယ်များလို့ ပေးလိုက်ထားလိုက်ပါမယ်။
ဈေးကွက်ဖော်ဆောင်မှုဆိုတာ သုံးစွဲသူတွေရဲ့ အဆင်ပြေမှု တွေအတွက် အမြဲတစေ ကြိုးစားရှာဖွေနေကြတဲ့ အပေါ်မှာအခြေခံပြီး စတင်ဖြစ်တည်ပါတယ်။ ဒီနေ့ခောတ် Marketing Manager တွေဟာ သုံးစွဲသူတွေအတွက် အချက်အလက်တွေကို ရှာဖွေဖန်တီးမှုမှာ နစ်မြှပ်နေကြပါတယ်။ သူတို့တွေက သုံးစွဲသူတွေနဲ့ ရေရှည်တည်မြဲတဲ့ ဆက်နွယ်မှုတွေကို ဖန်တီးဖို့ကြိုးစားယှဉ်ပြိုင်နေရတာပါ။ အဲ့ဒီလိုမျိုးကြိုးစား မှုတွေမှာ သူတို့တွေဟာ လိုက်နာရမည့် အချက်တွေ ၊ ရှောင်ကျဉ်ရမယ့် အချက်တွေစ သည်ဖြင့် တော်တော် များပြားလှပါတယ်။ အခုအဲ့ဒီအချက်တွေကို တစ်ချက်ချင်းစီ ရေးသားပေးပါမယ်။
ဝန်ခံစရာရှိတာက အချက်အလက်တွေက အင်တာနက် web site ပေါင်းစုံကနေ စုပေါင်းပြီး တင်ပြထားတာဖြစ် ပါတယ်။ တစ်ချို့အပိုင်းတွေမှာတော့ ကိုယ်နားလည်သလောက်ဖြည့်စွက်ထားပါတယ်။
Political Forces ( နိုင်ငံရေးရာများ၏ လွှမ်းမိုးမှု )
လူမှုရေးရာ အချက်အလက်အများစုက နိုင်ငံရေးရဲ ့ ဖြစ်တည်မှုတွေကို ပုံဖော်နိုင်ကြပါတယ်။ တိရိ စ္ဆာန်ကာကွယ်စောင့်ရှောက်ရေး လိုမျိုး လူမှုရေးအမြင်တွေဟာ ဥပဒေရေးရာတွေကို သက်ရောက်မှု ရှိစေပြီး အဖွဲ့အစည်းတွေရဲ ့ လုပ်ငန်းဆောင်တာတွေအပေါ်မှာပါ ထပ်ဆင့်လွှမ်းမိုးမှု ရှိစေပါတယ်။ ထိုနည်းတူစွာပဲ လူထုရဲ ့အမြင်တွေက ဥပဒေရေးရာကို ဖြစ်ပေါ်စေပါတယ် ( မှတ်ချက် ။ ။ ကိုယ်တွေနိုင်ငံနဲ့ယှဉ်ပြီးတွေးရင် တော့ ဒီအချက်လွဲပါတယ် ) ။ ထားပါတော့ ။ ဥပမာထပ်ပေးချင်ပါတယ် ။ ကလေးသူငယ်တွေရဲ ့ ကျန်းမာရေး အပေါ်ကိုကာကွယ်ပေးဖို့အတွက ် အရုပ်တွေ ၊ ကလေးအသုံးအဆောင်တွေနဲ ့ ကားထဲက ထိုင်ခုံတွေသုံးစွဲမှု ဆိုင်ရာ စံချိန်စံညွန်းတွေကို အစိုးရပိုင်းဆိုင်ရာ ရှေ့ နေတွေက ဥပဒေတွေသတ်မှတ်တာကလဲ လူမှုရေးရာက ဥပဒေကို သက်ရောက်မှုဖြစ်ပါတယ်။ စီးကရက်နဲ ့ အရက်ကြော်ငြာတွေကို ထုတ်လွှင့်ခြင်းမပြုကြတာကလဲ အတူတူပါပဲ ။
အထက်ပါပြဌာန်းထားတဲ့ ဥပဒေတွေက ဈေးကွက်ဖော်ဆောင်ရေး မန်နေဂျာတွေရဲ ့ ဆုံးဖြတ်မှုတွေကို လွန်စွာမှထဲထဲဝင်ဝင် သက်ရောက်ပါတယ်။ အဖွဲ့အစည်းတွေ ပြိုင်ဆိုင်ကြတဲ့အခါ လူထုကိုကာကွယ်ပေး ဖို့ပြဌာန်းထားတဲ့ ဥပဒေတွေကို ပါးနပ်ကျွမ်းကျင်စွာထည့်သွင်းစဉ်းစားကြဖို့လိုပါတယ်။ စားသောက်ကုန်လုပ်ငန်း တွေဟာ Consumer Protection Law တွေနဲ့ အကျွမ်းတဝင်ဖြစ်ထားဖို့ အလွန်အရေးကြီးပါတယ် ။ အဓိကကျတဲ့ လူသုံးကုန်တွေ ၊ နောက်ပြီး မော်တော်ကားလိုမျိုး ပစ္စည်းတွေအပြင် အခုနောက်ပိုင်းမှာတော့ တယ်လီဖုန်း ဟန်းဆက်ထုတ်လုပ်သူတွေဟာလည်း လူတွေကို ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နေရပါတယ်။
ဥပဒေရေးရာက ဈေးကွက်ဖော်ဆောင်မှုကို ထင်ထင်ရှားရှားသက်ရောက်လာတာကို ၁၉၇၀ လောက်ကစလို့ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။
Economic Forces ( စီးပွားရေးအရလွှမ်းမိုးမှုများ )
ဈေးကွက်စီးပွားရေးနဲ ့ စီးပွားရေးဆိုင်ရာ ဆက်နွယ်လာမှုမှာတော့ လူသားတွေရဲ ့ နေ့စဉ် ဖြတ်သန်းမှုမှာ လိုအပ်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုပုံစံတွေကိုရှာဖွေဖေါ်ထုတ်မှုဆိုင်ရာ အချက်တွေက အဓိကပါဝင်နေပါတယ်။ အချို့သောထုတ်ကုန်တွေအတွက် လိုအပ်ချက်ဟာ ဖြန့်ဖြူးရေးဖြစ်နိုင်ပြီး နောက်တစ်မျိုးအတွက်ကတော့ ဈေးနှုန်းဖြစ်နိုင် ပါတယ်။ ဥပမာ ။ ။ သာမန်လူသုံးကုန်တစ်ခုဟာ နေရာတိုင်းမှာ ဝယ်လို့ရနေဖို့လိုပါတယ်။ ဈေးကွက်ဖော်ဆောင်ရေး မန်နေဂျာတွေဟာ စီးပွားရေးဆိုင်ရာက တောင်းဆိုမှုတွေကို ကောင်းကောင်းနားလည်နေဖို့လိုပါတယ်။ စီးပွားရေးလည်ပတ်မှု ၊ ငွေလဲလှယ်နှုန်းနဲ ့ ဖောင်းပွမှုအနေအထား ၊ နိုင်ငံရပ်ခြားကြွေးမြီ နဲ ့ ဆိုင်ရာ ဆိုင်ရာ စီးပွားရေးအချက်တွေဖြစ်ပါတယ်။
Demand နဲ ့ Supply ဆိုတာကို စီးပွားရေးဘာသာရပ်နဲ့ပတ်သတ်ရင် အရင်ဆုံးတွေးမိကြပါလိမ့်မယ်။ Demand ဆိုတာက ဝယ်ယူသူတွေဟာ ဘယ်လိုဈေးနဲ့မဆို ဝယ်ယူဖို့အကြောင်းဖန်တဲ့ကာလတစ်ခုမှာ ဖြစ်ပေါ်လာတဲ့ ဝယ်လိုအား ကိုအဓိက ဆိုလိုပါတယ်။ ဒီအချက်ကို ဝယ်သူရဲ ့ လိုအပ်ချက်နဲ့ လိုချင်မှု ၊ ဝယ်လိုသူရဲ ့ ဝယ်ယူနိုင်စွမ်း နဲ ့ ဝယ်ယူလိုချင်း အနေအထားတွေနဲ ့ဆုံးဖြတ်နိုင်ပါတယ်။ ဒီအချက်သုံးချက်ကို အခြေပြုကာ ဝယ်လိုအားကို တွက်ချက်ချိန်ဆနိုင်ပြီး ဈေးကွက်ဖော်ဆောင်သူတွေဟာ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေရဲ ့ Demand ကိုအမြဲတစေ သုံးသပ်နေဖို့လိုပါတယ်။
၁၉၉၀ ပြည့်နှစ်အလွန် စီးပွားရေးဖွံ ့ဖြိုးလာချိန်မှာ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို လိုအပ်လာမှုက လျှင်မြန်စွာပဲ တိုးတက်လာပါတယ်။ အိမ်ယာ ၊ ကား ၊ ရတနာနဲ ့ ခရီးသွားလက်မှတ်တွေနဲ့ပတ်သတ်လို့ Stock Share ဈေးကွက်မှာ သိသိသာသာ ဖြစ်ထွန်းမှုတွေရှိလာပါတယ်။ ဖျော်ဖြေရေးနဲ့ ညစာစားခြင်းလိုမျိုး အပန်းဖြေမှု ဆိုင်ရာလုပ်ငန်းတွေကလည်း အဲ့ဒီကာလတုန်းက တိုးတက်လာပါတယ်။
ပြိုင်ဆိုင်ကြတာကလည်း စီးပွားရေးမှု အရေးပါတဲ့ ဒုတိယ အချက်ဖြစ်ပါတယ်။ ဈေးကွက်ဖော်ဆောင်ကြသူတွေဟာ သူတို့ရဲ့ပြိုင်ဘက်တွေရဲ ့ လွမ်းမိုးမှုကို အနဲနဲ့ အများတော့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ ထင်ရှားတဲ့ဥပမာအနေနဲ ့ ပြောရရင် ဥရောပ အခြေစိုက် လေကြောင်းလိုင်းတွေနဲ့ အမေရိကန်လေကြောင်းလိုင်းတွေရဲ့ ကုန်စည်ပို့ဆောင်ရေးနဲ့ ခရီးသည်တင်ဆောင်မှု အပေါ် ပြိုင်ဆိုင်မှုတွေဟာ ဈေးကွက်ဖော်ဆောင်သူတွေအဖို့ ခရီးစဉ်ချဲ့ထွင်ခြင်း ၊ ဈေးနှုန်းလျော့ချခြင်းနဲ့ Promotion ပေးမှု စတဲ့ လုပ်ငန်းစဉ်တွေလုပ်ဖို့အကြောင်းတွေဖန်လာပါတော့တယ်။ အခုဆိုရင် လေ့လာဆန်းစစ်ချက်များအရ Company တိုင်းလိုလိုဟာ ပြည်တွင်းပြိုင်ဖက်ရော နိုင်ငံတစ်ကာ ပြိုင်ဖက်နဲ့ပါ သက်ဆိုင်ရာ ဈေးကွက်နယ်ပယ်ထဲမှာ ရှိနေကြတာကို မြင်နိုင်ပါတယ်။
နောက်ထပ် တစ်ချက်ကတော့ Cost ကုန်ကျစားရိတ်ဖြစ်ပါတယ်။ ကုန်ကျစားရိတ်ထိန်းချုပ်ရေး နည်းစနစ်တွေဟာ အမြတ်ဖော်ဆောင်ရေးကို သက်ရောက်တာကြောင့် ဈေးကွက်ဖော်ဆောင်ရေး မန်နေဂျာအနေနဲ့ ရှေ့ကိုသွားတိုင်း နောက်ကို ကြည့်တတ်ဖို့လိုအပ်လာပါတယ်။ ကုန်ကျစားရိတ်ကလည်းသူတို့ရဲ့ တာဝန်တစ်စိတ်တစ်ပိုင်းဆိုတာကို နားလည်ထားရပါပြီ။
Physical Forces ( ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များနဲ့ သူတို့ရဲ့ဖွံ ြ့ဖိုးမှုကလည်း သက်ရောက်မှုဖြစ်ပါတယ် )
ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေဟာ သဘာ၀ အခြေအနေတွေဖြစ်ကြသလို ဖန်တီးပြုလုပ်ထားကြတဲ့အရာတွေအနေနဲ့ လည်းရှိကြပါတယ်။
သဘာဝအခြေအနေတွေဖြစ်ကြတဲ့ ရာသီဥတု ၊ ရေမြေ ၊ သဘာဝရင်းမြစ်နဲ့ ပထဝီဝင်အနေအထားတွေ ကလည်းဈေးကွက်ဖော်ဆောင်ရေးကို ကြီးမားစွာသက် ရောက်နေပြန်ပါတယ်။ မိုးများတဲ့ ဒေသတွေမှာဆိုရင် ထီးနဲ့ မိုးကာ ပစ္စည်းတွေ ၊ ကော်ဖီလိုမျိုး အနွေးဓါတ်ပေးစေတဲ့အရာတွေရဲ ့ ဈေးကွက်ဖြစ်ထွန်းမှုဟာအားကောင်းပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်သူတွေကို ဦးဆောင်ပေးနဲ့ ဈေးကွက်ဖော်ဆောင်သူတွေအနေနဲ့ အထက်ပါ အချက်တွေကို သတိမမူရင်ဖြင့် မှားယွင်းတဲ့ အချက်အလက်တွေထွက်ပေါ်လာနိုင်ပါတယ်။
နည်းပညာတိုးတက်မှုဖြစ်စဉ်တွေကလည်း ရုပ်ပိုင်းဆိုင်ရာ ဖြစ်ထွန်းမှုကိုသက်ရောက်ပါသေးတယ်။ လူတွေရဲ ့ အခြားသက်ရှိတွေနဲ့မတူညီတဲ့အချက်က သူတို့ရဲ့ တိုးတက်မှုတွေနဲ့ သူတို့ရဲ့ပတ်ဝန်းကျင်ကို ပြောင်းလဲစေတာ ပဲဖြစ်ပါတယ်။ နည်းပညာဖွံ ့ဖြိုးလာမှုက နေ့ချင်းညချင်း လူမှုဝန်းကျင်ကိုပြောင်းလဲစေပြီး ထုတ်ကုန်သစ်တွေဟာ အချိန်တိုင်း လိုလို နည်းပညာကြောင့် ထွက်ပေါ်နေကြပါတယ်။ လူတိုင်းကိုယ်ပိုင်ကွန်ပျူတာကိုသုံးပြီး လူမှုဆက်ဆံရေးတွေကို ပြုလုပ်လာကြတာ ၊ အင်တာနက်ကို အသုံးပြုလို့ဈေးဝယ်ကြတာ စတဲ့ လူတို့ဖန်တီးထားတဲ့ လူမှူဝန်းကျင်တွေကို သတိပြုမိဖို့အတွက် ဈေးကွက်ဖော်ဆောင်သူတွေဟာ မျက်ချေပြတ်လို့မရတော့ပါဘူး။
ဈေးကွက်ဖော်ဆောင်ရေးမန်နေဂျာတွေ ၊ ဈေးကွက်ဆိုင်ရာ အကျိုးဆောင်အေဂျင်စီတွေအနေနဲ့က ထုတ်ကုန်တစ်ခုနဲ့ ဆက်နွယ်လာတဲ့ ဒေသအခြေအနေတွေ ၊ အဲ့ဒီဒေသရဲ့ ရုပ်ပိုင်းဆိုင်ရာ အချက်အလက်တွေဖြစ်တဲ့ ရာသီ ၊ ရေ မြေနဲ့ နည်းပညာတိုးတက်မှုတွေကို အသေအချာသိနားလည်ဖို့လိုပါတယ်။ ဥပမာ ။ ။ SMS ကနေ သတင်းအချက်အလက်တွေ ဖြန့်ချီတဲ့ ထိုးဖောက်မှုစနစ်တစ်ခုဟာ တယ်လီဖုန်းသုံးစွဲမှု အကန့်အသတ်ရှိနေသေးတဲ့ ဖွံ ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင် ကုန်ပစ္စည်းအားလုံးအတွက်မသင့်တော်နိုင်ပါဘူး။ ဒါက နည်းပညာဆိုင်ရာဥပမာပါ ။ ဥတုရာသီအခြေပြုတဲ့ ဥပမာကတော့ သိသာမြင်သာလို့မရေးတော့ပါဘူး။
Demographic Forces ( လူမှုဘဝအချက်အလက်များ )
Demographic ဆိုတာ လူထုရဲ့ အထွေထွေသောအချက်အလက် အစုအဝေးတစ်ခုပါပဲ။ အသက်အရွယ် ပညာအဆင့်အတန်း ၊ ဝင်ငွေ ၊ ကျား/မ ၊ အိမ်ထောင်ရေး ၊ ပိုင်ဆိုင်မှု စာရင်းဇယား စတဲ့အချက်အလက်တွေက မပါမဖြစ်ပါဝင်ပါတယ်။ ဒေသတစ်ခု ဒါမှမဟုတ် နယ်မြေတစ်ခုရဲ့ Demo Data တွေက ကုန်ပစ္စည်းတွေဝန်ဆောင်မှု တွေအတွက် အဓိကကျ စွာ အထောက်အကူပြုပါတယ်။ Demo Data ကိုကောင်းကောင်းနားမလည် မသိထားပဲ ဈေးကွက်ထိုးဖောက်မှုပြုရင် သေချာပေါက်မှားယွင်းသွားပါလိမ့်မယ်။ အကောင်းဆုံး အရှင်းဆုံး ဥပမာပေးရရင် အမျိုးသားတွေများပြားတဲ့ ပတ်ဝန်းကျင် ( အမျိုးသားအဆောင်အများဆုံးရှိတဲ့နေရာ ) မှာ အမျိုးသမီးလစဉ်သုံးကို Sampling လုပ်တာမျိုးပါ။
ဈေးကွက်ဖော်ဆောင်ရေးအဖွဲ့တွေဟာ သူတို့ထိုးဖောက်လိုတဲ့ ဒေသရဲ့ Demo Data တွေကိုအရင်ဆုံးစုစည်းရပါတယ်။ တက္ကသိုလ်အဆင့် ဘယ်နှဦး ၊ အိမ်ထောင်ရှိ ဘယ်နှဦး ၊ လူလွတ်က ဘယ်လောက် ၊ ဝင်ငွေ ဘယ်လောက်နဲ့အထက်က ဘယ်နှဦး စသည်ဖြင့်ပေါ့။ အဲ့ဒီလို စိတ်ပိုင်းလိုက်တဲ့အခါမှ ဘယ်အပိုင်းက ကိုယ့်အတွက် အလားအလာရှိတဲ့ သုံးစွဲသူတွေဖြစ်လာမလဲ။ အလားအလာရှိတဲ့ အုပ်စုဆီက အမြင့်ဆုံးမှန်းချေကရော ကိုယ့်အတွက် အဆင်ပြေပါ့မလား။ စတဲ့မေးခွန်းတွေကနောက် ဆက်တွဲအနေနဲ့လာမှာဖြစ်ပါတယ်။ ကိုယ်က ဈေးကြီးတဲ့ကုန်စည်ရောင်းချင်တယ် ။ ဒါပေမယ့် ဝင်ငွေမြင့်တဲ့သူအရေအတွက်က ကိုယ့်အဖွဲ့အစည်းရပ်တည်ဖို့လောက်ထိမလုံလောက်ရင်တော့ လုပ်ငန်းတွေကိုဆက်ဖို့အတွက် ဆက်တွေးရမှာပါ။
Image Building အတွက်ဖြစ်ဖြစ် ၊ အလားအလာတစ်ခုမြင်လို့ဖြစ်ဖြစ် ရလဒ်ကို မကြည့်ပဲ ရှေ ့ဆက်ကြတာရှိသလို မှန်းတာမနဲ့မကိုက်လိ ု့ နောက်လှည့်ခဲ့တာတွေလဲများပါတယ်။
Societal Forces ( ယဉ်ကျေးမှုများနဲ့ ဈေးကွက် အပေါ်လွှမ်းမိုးသက်ရောက်မှု )
ဒီ Social Forces တွေမှာ ပါဝင်တဲ့အချက်တွေကတော့ ရိုးရာ ယဉ်ကျေးမှု စံနှုံးတွေ ၊ အမူအကျင့်တွေ ၊ လွမ်းမှိုးမှုရှိတဲ့ ယုံကြည်မှုတွေ စသည်ဖြင့်ဖြစ်ပါတယ်။ ဈေးကွက်ဖော်ဆောင်ရေးအတွက် အလွန်အဓိကကျတဲ့ အချက်တွေဖြစ်ပါတယ်။
တစ်ချို့ဒေသတွေမှာ ဆိုရင် ဒေသခံတွေရဲ ့ ဘာသာရေးယုံကြည်ချက်အရ ရှောင်ကျဉ်တဲ့အသားတွေရှိပါလိမ့်မယ်။ နောက်တစ်မျိုးအနေနဲ့ တစ်ခုခုကို မပါမဖြစ်စားကြတာမျိုးလဲရှိနိုင်ပါတယ်။ မဆလာတို့ ကြက်သားမှုန့်တို့လိုမျိုးကိုဆိုလို ပါတယ် ။ ဒီလိုအချက်တွေက စားသောက်ကုန်လုပ်ငန်းရှင်တွေအတွက် လွန်စွာမှ အရေးပါပါတယ် ။ Mac Donnalds တောင်မှ သူတို့ရဲ့ထုတ်ကုန်တွေကို ကာလံဒေသံလိုက်ပြီး အလိုက်သင့်ပြောင်းလဲစေတာကို တွေ ့နိုင်မှာပါ။ ဒါကတော့ အခြေခံအကျဆုံး ဥပမာပါ။
တရုတ်လူမျိုးတွေနဲ့ ပတ်သတ်တဲ့ယဉ်ကျေးမှုတစ်ခုကိုလဲ တင်ပြပါမယ်။ အဖြူရောင်ဆိုတာ ယေဘူယျအားဖြင့် ကောင်းမွန်တဲ့သဘောဆောင်ပေမယ့် သူတို့အတွက်တော့ အသုဘမှာ ဝတ်ဆင်ကြတာမျိုးဖြစ်ပါတယ်။ အနီရောင်က သူတို့အတွက်အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် အနီရောင်က ပြသနာရှိတဲ့နေရာတွေလဲရှိပါတယ်။ ဈေးကွက်ဖော်ဆောင်ရေးသမားအနေနဲ့ဒီလိုအချက်တွေအထိ လိုက်နာရဖို့လိုပါတယ်။
အဲ့ဒီလို ယဉ်ကျေးမှုဆိုင်ရာအချက်တွေများစွာရှိပါတယ်။ ဝတ်စားဆင်ယင်မှု ၊ နုတ်ဆက်တဲ့အလေ့အထ ၊ ယုံကြည်မှု ၊ လူနေမှုပုံစံ ဒီအရာတွေဟာ ဈေးကွက်ဖော်ဆောင်မှုဆိုင်ရာတွေဖြစ်တဲ့ အရောင်းမြှင့်တင်ရေးတွေ ၊ ကြော်ငြာတွေကို ဖန်တီးရာမှာ လွန်စွာမှသတိထားဆောင်ရွက်ရပါတယ်။
ကျွန်တော့်အနေနဲ့ ဆက်စပ်တွေးတောကြည့်တာတစ်ခုရှိပါသေးတယ်။ တစ်ချို့နိုင်ငံတွေမှာ မစင်ကနေ လျှပ်စစ်ထုတ်လို့ ရနေပါပြီ။ ကျယ်ကျယ်ပြန့်ပြန့်တော့မဟုတ်သေးပါဘူး။ ဒါပေမယ့် တကယ်လို့ကျွန်တော်တို့အနေနဲ့ အဲ့ဒီလိုမျိုးမီးရလာရင် ဘာသာရေးနဲ့ပတ်သတ်တဲ့ မီးပူဇော်မှုနဲ့ပတ်သတ်ပြီး အသုံးပြုဖို့သင့်မသင့်ဆိုတာပါ။ ယဉ်ကျေးမှု ရှူထောင့်ကနေဆိုရင် ဒါကပြသနာနဲနဲရှိပါတယ်။
ခောတ်အဆက်ဆက်က ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းကိုလုပ်ဆောင်ကြသူတွေဟာ အခြေအနေတွေကိုလေ့လာ လုပ်ဆောင်ခဲ့ရတာကတော့ ဒီပညာရပ်ရဲ ့ သင်္ကေတ တစ်ခုလိုဖြစ်နေပါတယ်။ ခောတ်သစ်မှာကတော့ လူတွေရဲ့ နေမှုထိုင်မှုတွေက ပိုမိုတိုးတက်ရှတ်ထွေးလာတာကြောင့် လေ့လာရမယ့်အချက်တွေများလာတာက မထူးဆန်းပါဘူး ။ နောက်ဆိုရင်လဲ ဘာတွေပိုပြီးတိုးလာဦးမလဲကို မသိနိုင်ပါဘူး။
အထက်မှာတင်ပြပေးခဲ့တဲ့ အချက်ငါးချက်ကို သေသေချာချာလေ့လာပြီး မှန်ကန်တဲ့သုံးသပ်ချက်ကိုချနိုင်တယ်ဆိုရင်တော့ ဖော်ဆောင်တဲ့ဈေးကွက် စီမံကိန်းတစ်ခုက အောင်မြင်ဖို့အလွန်အလားအလာကောင်းနေပြီလို့ပြောနိုင်ပါတယ်။
ဒါပေမယ့်လည်း ဈေးကွက်ဖော်ဆောင်မှုဆိုတာက ဒီထက်ကိုပိုကျယ်ပြန့်နေပါသေးတယ်။ ဒီလိုသဘောတရားတွေကို သိနေပေမယ့်လည်း သက်ဆိုင်ရာ အချက်အလက်တွေကို ရယူတဲ့အပိုင်းမှာ လွန်စွာသိမ်မွေ့တဲ့လုပ်ဆောင်ချက်တွေရှိနေ ပါသေးတယ်။ ကျွန်တော့်အနေနဲ့ ယခုလောက်ပဲတင်ပြပေးနိုင်တာကိုသည်းခံပေးစေလိုပါတယ်။ ဒီထက်ပိုပြီးနက်နဲတဲ့ အပိုင်းတွေကို တော့ ရေးသားဖို့အားထုတ်ပြီး ဆက်လက်တင်ပြပေးပါဦးမယ်။ အသက်မွေးသူတွေအတွက်ဖြစ်စေ ၊ ပညာရေးဆိုင်ရာ ကြိုးပမ်းသူတွေအတွက်ဖြစ်စေ အသုံးတည့်မှာကတော့ အသေအချာပါပဲ။
လေးစားစွာဖြင့်
ပြည့်စုံဖြိုး (http://ryanpyaesone.blogspot.com/)
Comments
Post a Comment
ကျေးဇူးတင်ပါတယ်။